ငြိမ်းချမ်းရေးလုပ်ဆောင်ဖို့ ဘာသာရေးခေါင်းဆောင်တွေပြော

ငြိမ်းချမ်းရေးလုပ်ဆောင်ဖို့ ဘာသာရေးခေါင်းဆောင်တွေပြော

ငြိမ်းချမ်းရေးလုပ်ဆောင်ဖို့ ဘာသာရေးခေါင်းဆောင်တွေပြော

ရေးသားချိန် 13 June 2012, 12:42 AEST

ရခိုင်ပြည်နယ်မှာ ​ဖြစ်ပေါ်နေတဲ့ ​မငြိမ်သက်မှုတွေနဲ့ ​ပတ်သက်ပြီး ​ရန်ကုန်မြို့မှာ ​ကျင်းပခဲ့တဲ့ ​တွေ့ဆုံပွဲတစ်ခုမှာ ​ဘာသာပေါင်းစုံ ​ခေါင်းဆောင်တွေက ​သူတို့ရဲ့ ​သဘောထားတွေကို ​ထုတ်ဖေါ်ခဲ့ကြပါတယ်။

မနေ့က ​ကမ္ဘာအေးကုန်းမြေ ​၀ိဇယမင်္ဂလာ ​မဟာဓမ္မသဘင်မှာ  ​ဘာသာပေါင်းစုံ ​ချစ်ကြည်ရေး ​အသင်းကြီးနဲ့ ​အစ္စလာမ်ဘာသာရေး ​အဖွဲ့အစည်းတွေက ​သြ၀ါဒခံယူပွဲနဲ့ ​ထိခိုက်ဒဏ်ရာ ​ရသူ ​ဒေသခံပြည်သူများတွေကို ​အလှုငွေပေးအပ်ပွဲ ​အခမ်းအနား ​ကျင်းပခဲ့တဲ့ ​နေရာမှာ ​သဘောထားထုတ်ဖေါ်ခဲ့ကြတာ ​ဖြစ်ပါတယ်။

တက်ရောက်လာတဲ့ ​ဘာသာ ​အသီးသီးရဲ့ ​ကိုယ်စားလှယ်တွေက ​ရခိုင်ပြည်နယ်မှာ ​လတ်တလောဖြစ်ပေါ်နေတာတွေကို ​ပြောဆိုခဲ့ပြီး ​နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဌ ​အဘိဓဇမဟာရဌဂုရု ​အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဒေါက်တာဘဒ္ဒန္ဒကုမာရက ​အာဏာပိုင်တွေအနေနဲ့ ​နှောင့်နှေးမနေကြဖို့  ​တိုက်တွန်းပြောဆိုခဲ့ပါတယ်။

"ပြောသွားတဲ့ ​ဥစ္စာကတော့ ​လက်တွေ့မပါသေးဘူး။ ​လက်တွေ့ပါတာကတော့ ​သိန်း ​၂ ​ထောင်ကျော် ​လှုလိုက်တယ်။ဒါကတော့ ​လက်တွေ့ပါတယ်။မေတ္တာဂရုဏာထားပြီး ​ဒီပုဂ္ဂိုလ်တွေ ​ကူညီဖို့ ​ရယ်။နောက်ထပ် ​ဒီလိုမျိုးတွေ ​မဖြစ်အောင် ​ဒါတွေကို ​လက်တွေ့လုပ်ဖို့ ​လိုပါသေးတယ်။လက်တွေ့လုပ်ဖို့ ​လိုတော့ ​ဘုန်းဘုန်းတို့က ​ဒီက ​တချို့ ​ပြည်နယ်တွေ ​တိုင်းတွေကို ​ညွှန်ကြားလွှာတွေ ​ထုတ်ပေးမယ်ပေါ့။မြို့နယ် ​သံဃာ့မဟာနာယက ​ပြည်နယ်သံဃာ့မဟာနာယက ​တိုင်းသံဃာမဟာနာယက ​တွေ ​အဓိကရုန်း ​ဆန္ဒပြတွေမဖြစ်ပေါ်အောင် ​ကြိုးစားအကောင်အထည်ဖေါ်ကြပါ။အဲလိုလုပ်တဲ့နေရာနယ် ​တချို့နေရာမှာ ​ဓမ္မစက်နဲ့ ​ချည်းလုပ်လို့ ​မရပါဘူး။အာဏာစက်နဲ့ ​အာဏာပိုင်တွေကလည်း ​သိပ်ပြီးတော့ ​နှေးမနေဘဲနဲ့လုပ်ပေးကြပါလို့ ​အဲလောက်ပြောရင်း ​နိဂုံးချုပ်ပါတယ်"လို့ ​ဆရာတော်က ​မိန့်ကြားခဲ့ပါတယ်။

ခရစ်ယာန်ဘာသာကိုယ်စားလှယ် ​YMCA ​အထွေထွေအတွင်းရေးမှုး ​ဒေါက်တာ ​သာဥာဏ်ကတော့ ​လက်ရှိ ​ရခိုင်ပြည်နယ် ​ဖြစ်စဉ်ကို ​သက်ဆိုင်ရာ ​ဘာသာတရားအလိုက် ​ထိန်းသိမ်းဆောင်ရွက်သွားတဲ့နည်းနဲ့ ​နိုင်ငံတော် ​တည်ငြိမ်ရေးကို ​ဆောင်ရွယ်သွားမယ်လို့ ​ပြောသွားပါတယ်။

အစ္စလာမ်သာသာရေးရာကောင်စီ ​တွဲဘက်အတွင်းရေးမှုး ​ဦးဝဏ္ဏရွှေကလည်း ​အခုလို ​လျှောက်ထားပြောဆို ​ခဲ့ပါတယ်။

"ဘာသာအချင်းချင်းချစ်ကြည်ရင်းနှီးမှု ​ပျက်ပြားရင် ​နိုင်ငံတည်ငြိမ်ရေးပျက်ပြားမှာ ​ဖြစ်ပါတယ်။နိုင်ငံရေးပျက်ပြားရင် ​နိုင်ငံရဲ့ ​အကျိုးစီးပွါး ​နစ်နာမှာ ​ဖြစ်ပါတယ်။စိတ်မချမ်းမမြေ့ ​ဖြစ်နေချိန်မှာ ​ဆရာတော် ​ဘုရားတွေရဲ့မေတ္တာ ​ရိပ်ကို ​ခိုလှုံခွင့် ​ရတဲ့ ​အတွက်ငြိမ်းအေးမှု ​ရရှိသလို ​တစ်နိုငံလုံးမှာ ​ရှိတဲ့ ​ပြည်သူများကိုပင် ​ဆရာတော်ကြီးများရဲ့ ​မေတ္တာ ​ရိပ် ​ခိုလှုံခွင့် ​ပြုပါဘုရား။တပည့်တော်အနေနဲ့ ​ပြင်စရာရှိတာနဲ့ ​ပြောင်းလဲစရာရှိတာများကို ​မေတ္တာရှေ့ထားပြီး ​လူ့အဖွဲ့အစည်းမှာ ​ဆောင်ရွက်သွားမှာ ​ဖြစ်ပါတယ်"လို့ ​သူက ​ဆရာတော်ကြီးတွေကို ​လျှောက်ထားခဲ့ပါတယ်။

ဟိန္ဒူဘာသာရေး ​အတွင်းရေးမှုး ​ဦးကျော်သူကလည်း ​ဟိန္ဒူဘာသာက ​ဗုဒ္ဓဘာသာနဲ့ ​တူတဲ့အကြောင်း၊ ​လူလူချင်း ​သတ်ဖြတ်ခြင်းနဲ့ ​အနိုင်ကျင့်တာမျိုး ​မဖြစ်စေချင်တဲ့အကြောင်းတွေ ​ပြောသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ​ပတ်သက်ပြီး ​ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ​ဦးဇော်အေးမောင် ​က ​နိုင်ငံတော် ​သံဃာ့မဟာနာယကကို ​လျှောက်ထားရာမှာ ​အခုလို ​ဖြစ်ပေါ်နေတဲ့ ​ပြဿနာတွေကြောင့် ​နှစ်ဖက်လုံး ​ဆုံးရှုံး ​နစ်နာရပြီး ​ရာဇ၀တ်မှုဟာ ​ရာဇ၀တ်မှုအတိုင်း ​အရေးယူရမှာဖြစ်ပြီး ​အခုလို ​လက်စားချေတာတွေကို ​ဘယ်ဘာသာကမှ ​ခွင့်ပြုမထားဘူးဆိုတာ ​ယုံကြည်တဲ့အကြောင်း ​ပြောခဲ့ပါတယ်။

အဲဒီ ​အခမ်းအနားမှာ ​ရခိုင် ​ပြည်နယ် ​မှာ ​ထိခိုက်ဒဏ်ရာ ​ရသူတွေနဲ့ ​ဒေသခံပြည်သူတွေအတွက်   ​မြန်မာနိုင်ငံ ​နယ်စပ်ဒေသနှင့်တောင်တန်းဒေသ ​ထေရ၀ါဒ ​ဗုဒ္ဓဘာသာ ​သာသနာ့နုဂ္ဂဟ ​အသင်းက ​ကျပ် ​သိန်းတစ်ထောင်၊ ​ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ​အမှုးပြုတဲ့  ​ရခိုင်ပြည်နယ် ​အရေးပေါ်ကူညီကယ်ဆယ်ရေး ​ကော်မတီက ​ကျပ်သိန်း ​၃၀၀ ​နဲ့ ​မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ် ​ဘာသာရေးအဖွဲ့ ​ငါးဖွဲ့ ​စုပေါင်းအလှုငွေ ​ကျပ်သိန်း ​တစ်ထောင် ​လှုဒါန်းခဲ့ကြတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​ဘုတ်ဘုတ်က ​သတင်းပေးပို့ထားပါတယ်။