CNF နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့ အချက် ၂၇ ချက် သဘောတူ

CNF နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့ အချက် ၂၇ ချက် သဘောတူ

CNF နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့ အချက် ၂၇ ချက် သဘောတူ

ရေးသားချိန် 10 December 2012, 11:31 AEDT

 ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ​လုပ်ငန်းကော်မတီနဲ့ချင်းအမျိုးသားတပ်ဦး(CNF) ​တို့ ​ဒုတိယအကြိမ် ​ပြည်ထောင်စုအဆင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုကို ​ရန်ကုန်မြို့ ​ရွှေလီလမ်းမှာရှိတဲ့ ​Myanmar ​Peace ​Center ​မှာ ​ဒီဇင်ဘာ ​၇ ​ရက်နေ့က ​၉ ​ရက်နေ့ထိကျင်းပခဲ့ကြပြီး ​အချက် ​၂၇ ​ချက်ကို ​သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ပြည်ထောင် ​စုငြိမ်းချမ်းရေး  ​ဖော်ဆောင်ရေးကော်မတီ ​၀န်ကြီးဦးဝင်းထွန်းက ​CNFလက်နက်ကိုင် ​တပ်ဖွဲ့တွေအကြား ​ချင်းပြည်နယ် ​အတွင်းမှာ ​တပ်တွေကို ​နေရာချ ​ထားဖို့ ​ကိစ္စ ​တွေမှာတော့ ​အတော်လေး ​အချိန်ယူပြီးတော့ ​ပြောဆိုရတယ်လို့ရှင်းပြခဲ့ပါတယ်

“ခက်ခက်ခဲခဲ ​တစ်ဖက်နဲ့ ​တစ်ဖက် ​သဘာဝအတိုင်းပါပဲ။ ​နှစ်ဖက်ကြိုတင်ညှိနှိုင်းထားပြီးတော့ ​လုပ်တဲ့ ​အစည်းအဝေးမဟုတ်ပေမယ့် ​တစ်ဖက်နဲ့တစ်ဖက် ​ခက်ခက်ခဲခဲ ​သိမ်သိမ်မွေ့မွေ့ ​စိတ်ရှည်စွာ ​အကြိမ်ကြိမ် ​ပြန်ဆွေးနွေးရတာတွေ ​ညှိနှိုင်းရတာတွေ ​ရှိပါတယ်။ ​တပ်ပိုင်း ​ဆိုင်ရာကိစ္စဆိုရင်ပိုပြီးတော့ခက်ခဲတယ်ဆိုတာ ​မှန်ပါ ​တယ်။”

CNF ​က ​ဒေါက်တာရွှေခါးကတော့ ​တဖက်နဲ့ ​တဖက်သုံးတဲ့မြေပုံတွေ ​မတူကြတဲ့အတွက်ကြောင့်  ​ဆွေးနွေး ​ပိုမိုကြန့်ကြာ ​ခဲ့ရတယ် ​လို့ဆိုပါတယ်။

"ဒီလိုပဲပေါ့ ​ကျွန်တော်တို့ကြားထဲမှာ ​သူတို့ဖက်က ​သုံးတဲ့မြေပုံနဲ့ ​ကျွန်တော်တို့ ​ဖက်က ​သုံးတဲ့မြေပုံနဲ့မတူတာလေးတွေ။ပြီးတော့ပထ၀ီအရ ​အခက်အခဲ ​ရှိတဲ့ဟာတွေကို ​တင်ပြတဲ့နေရာမှာ ​အဲဒါတွေကိုတင်ပြနေရတဲ့အတွက်ကြောင့် ​နည်းနည်းကြာတော့ကြားသွားတာပေါ့"

ချင်းအမျိုးသားတပ်ဦးဖက်က ​အဆိုပြုတဲ့ ​အချက် ​ပေါင်း ​၃၁ ​ချက် ​ထဲ ​က ​၂၇ ​ချက်ကိုသဘောတူပြီးတော့ ​၄ ​ချက်ကို ​မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ​ဆွေးနွေးမှုအပြီးမှာ ​သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီသဘောတူညီ ​ခဲ့တဲ့ ​၂ရ ​ချက်ထဲမှာ ​ဗိုလ်ချုပ်အောင်ဆန်းနဲ့ ​တိုင်းရင်းသားလူမျိုးပေါင်းစုံ ​ရည်မှန်းခဲ့တဲ့ ​တိုင်းရင်းသား ​လူမျိုး ​တန်းတူညီမျှရေးနဲ့ ​ကိုယ်ပိုင်ပြဌာန်း ​ခွင့် ​တွေကို ​အာမခံချက် ​ပေးနိုင်တဲ့ ​ပြည်ထောင်စုစစ်စစ် ​တည်ဆောက် ​ရေးကို ​နှစ်ဖက် ​ညှိနှိုင်း ​ဆွေးနွေးဆောင်ရွက်ဖို့၊ ​ချင်းအမျိုးသားနေ့ကို ​ဖေဖော်ဝါရီလ ​(၂၀)ရက်နေ့လို့ ​သတ်မှတ် ​ဖို့ ​နဲ့ ​ချင်းပြည်နယ်မှာ ​အဲဒီနေ့ကို ​ရုံးပိတ်ရက် ​သတ်မှတ်ရန်ဖို့ ​ဇန္နဝါရီလ ​(၃) ​ရက်နေ့ကို ​ချင်းပြည်နယ် ​နေ့ ​သတ်မှတ်ဖို့ ​စတဲ့ ​အချက်ပေါင်း ​၂၇ ​ချက်ကို ​သဘောတူခဲ့ကြတာ ​ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲဟာ ​နိုင်ငံတော်သမ္မတရဲ့ ​လမ်းညွှန်ချက် ​တွေဖြစ်တဲ့ ​အပစ်အခတ်ရပ်စဲရေး၊ ​နိုင်ငံရေး ​ဆွေးနွေးပွဲတွေ ​ပြုလုပ်ရေး၊ ​တိုင်းရင်းသားလူမျိုးအားလုံးပါဝင်တဲ့ ​ညီလာခံကြီးတစ်ရပ်ကျင်းပရေး ​ဆိုတဲ့ ​အချက် ​၃ ​ချက်အပေါ်မှာအခြေခံ ​ဆွေးနွေးတာ ​ဖြစ်တယ်လို့လည်း ​သတင်းထုတ်ပြန်ချက်မှာ ​ပါရှိပါတယ်။

မြန်မာနိုင်ငံမှာနှစ်ပေါင်း ​၆၀ ​ကျော်ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေကို ​ချုပ်ငြိမ်းစေပြီးငြိမ်းချမ်းရေးကို ​တည်ဆောက်နိုင်ဖို့ပြည်ထောင်စုငြိမ်းချမ်းရေး ​ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ​ချင်းအမျိုးသားတပ်ဦး ​(CNF)တို့ဟာပြီးခဲ့တဲ့၂၀၁၂ ​ခုနှစ်၊ ​ဇန္နဝါရီလ ​(၆) ​ရက်နေ့ကချင်းပြည်နယ်ဟားခါးမြို့မှာချင်းပြည်နယ်အစိုးရနှင့် ​အချက် ​(၉)ချက် ​ပါဝင်တဲ့ ​အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ​လက်မှတ်ရေးထိုးခဲ့ကြပြီး၂၀၁၂ ​ခုနှစ် ​မေလ ​(၇) ​ရက်နေ့တွင် ​ဟားခါးမြို့မှာပဲ ​အချက်(၁၅) ​ချက်ပါ ​ပြည်ထောင်စုအဆင့် ​သဘောတူညီချက်တွေကို ​သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာ ​ဖြစ်တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မေငယ်က ​သတင်းပေးပို့ခဲ့ပါတယ်။