စပိန်သူနာပြုမှာ အီဘိုလာပိုး မရှိတော့

စပိန်သူနာပြုမှာ အီဘိုလာပိုး မရှိတော့

စပိန်သူနာပြုမှာ အီဘိုလာပိုး မရှိတော့

နောက်ဆုံးရေးသားချိန် 20 October 2014, 12:51 AEDT

အီဘိုလာ ​ရောဂါသည်ကို ​ဆေးကုသပေးရာကနေ ​ရောဂါကူးစက်ခံခဲ့ရတဲ့ ​စပိန်သူနာပြုဟာ ​သက်သာလာပြီး ​စမ်းသပ်ကြည့်ရာမှာ ​အီဘိုလာ ​ရောဂါပိုး ​မရှိတော့တာကို ​တွေ့ခဲ့ရပါတယ်။

Teresa ​Romero ​လို့ခေါ်တဲ့ ​သူနာပြုမလေးကို ​အီဘိုလာ ​ရောဂါစောင့်ကြည့်တဲ့ ​အထူး ​ကော်မရှင်အဖွဲ့က ​စမ်းသပ်ရာမှာ ​ရောဂါ ​မရှိ ​တော့ကြောင်းကို ​တွေ့ခဲ့ ​ရတဲ့အတွက် ​ပိုပြီး ​စိတ်ချ ​ရအောင် ​နောက်တစ်ကြိမ် ​စစ်ဆေးမှု ​ပြုလုပ်နေဆဲ ​ဖြစ်ပါတယ်။

အသက် ​၄၄ ​နှစ်အရွယ် ​Teresa ​ဟာ ​အနောက်အာဖရိက ​ဒေသကနေ ​ပြန်ရောက်လာတဲ့ ​စပိန်သာသနာ ​ပြုသူတွေကို ​အီဘိုလာ ​ကုသပေးရာက ​ကိုယ်တိုင် ​ကူးစက်ခံရသူ ​ဖြစ်ပါတယ်။

သူနာပြု ​Teresa ​ရဲ့ ​ခင်ပွန်းသည် ​Javier ​Limon ​ကိုလည်း ​ရောဂါ ​ရှိမရှိ ​စောင့်ကြည့်နေကြပါတယ်။

Javier ​Limon ​ကတော့ ​သူ့ရဲ့ ​ဇနီးသည်မှာ ​ရောဂါပိုး ​မရှိတော့ဘူးဆိုတာကို ​သိရလို့ ​အင်မတန် ​ဝမ်းသာမိကြောင်း ​ပြောပါတယ်။

သူနာပြု ​Teresa ​ရဲ့ ​ခင်ပွန်းသည်နဲ့အတူ ​တခြား ​၁၄ ​ဦးကိုလည်း ​စောင့်ကြည့်နေဆဲ ​ဖြစ်ပေမယ့် ​အခုအချိန်အထိ ​ရောဂါကူးစက်တဲ့ ​လက္ခာဏာ ​မတွေ့ရသေးပါဘူး။

 

အီဘိုလာကို ​ကူညီတိုက်ဖျက်ကြဖို့ ​လိုင်ဘေးရီးယား ​သမ္မတ ​ပန်ကြား

 

လိုင်ဘေးရီးယားနိုင်ငံ ​သမ္မတက ​အီဘိုလာ ​တိုက်ဖျက်ရေးမှာ ​ကမ္ဘာက ​မကူညီရင် ​အာဖရိကဒေသက ​လူပေါင်း ​သန်းနဲ့ချီ ​ဒုက္ခရောက်နိုင်ပြီး ​လူငယ်တွေဟာလည်း ​စီးပွားရေးပျက်ကပ်မှုတွေနဲ့ ​ကြုံတွေ့ရနိုင်တယ်လို့ ​ပြောလိုက်ပါတယ်။

လိုင်ဘေးရီးယားသမ္မတ ​Ellen ​Johnson ​Sirleaf ​က ​ကမ္ဘာကို ​ပန်ကြားထားတဲ့ ​စာတစ်စောင်ကို ​ရေးသားထားပြီး ​အကူအညီတောင်းခံထားတာ ​ဖြစ်ပါတယ်။

ဘယ်သူဘယ်ဝါမှန်း ​မသိရတဲ့ ​ရန်သူကို ​ဘာလက်နက်နဲ့ ​ခုခံတိုက်ခိုက်ရမှန်းတောင် ​မသိဘူး ​ဖြစ်နေရတဲ့ ​လူသန်းပေါင်းများစွာကို ​ချန်မထားကြဖို့ ​လိုင်ဘေးရီးယား ​သမ္မတက ​ပန်ကြားလိုက်တာ ​ဖြစ်ပါတယ်။

အမေရိကန်ကတော့ ​အီဘိုလာဖြစ်နေတဲ့ ​နိုင်ငံကလူတွေကို ​အမေရိကန်ထဲ ​မပေးဝင်ဖို့ ​လိုလားနေ

 

လိုင်ဘေးရီးယား ​သမ္မတက ​အနောက်အာဖရိက ​ဒေသကို ​ပစ်မထားဖို့ ​ပန်ကြားချိန်မှာပဲ ​အမေရိကန်မှာတော့ ​အီဘိုလာ ​ရောဂါ ​ဖြစ်ပွားနေတဲ့ ​ဂီနီ၊ ​လိုင်ဘေးရီးယားနဲ့ ​ဆီရာယာလီယွန်နိုင်ငံက ​လူတွေကို ​အမေရိကန်နိုင်ငံထဲ ​ဝင်ခွင့်မပေးဖို့ ​တောင်းဆိုမှုတွေ ​တနေ့တခြား ​များပြားလာပါတယ်။

အမေရိကန် ​သမ္မတ ​ဘားရက်အိုဘားမားကတော့ ​အကြောက်တရားတွေ ​မလွန်ကြဖို့ ​ပြောဆိုထားပြီး ​လူတွေကို ​အဲဒီလို ​ခွဲခြားထားလို့ ​မရနိုင်တဲ့အကြောင်း၊ ​အဲဒီလို ​အကြောက်တရားတွေ ​လွမ်းမိုးနေမယ်ဆိုရင် ​အီဘိုလာနဲ့ ​ပတ်သက်တဲ့ ​သတင်းမှန်တွေ ​ရရှိနိုင်တော့မှာ ​မဟုတ်ဘူးလို့ ​ပြောပါတယ်။